သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းစရာမလို
“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”
မှော်ဆရာရေ . . .
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ
ဝိညာဉ်ကို ကောနဲ့ကပ်ပြီး
လူဖြစ်အောင် . . . ငါ အသက်သွင်းဖူးတယ် ။
မီးခြစ်ကျောက်ကို
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက်
မီးတောက်ကို ခါးကလိမ်ချိုး
စီးကရက်သောက်ရင်း သူ . . . ချောင်းဆိုးဖူးတယ် ။
သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းစရာမလို
“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”
သံအိပ်မက်ကြီးနဲ့
ပင်လယ်ရေပွက်ထဲက . . . ည . . .
အားလုံးကို သူ . . . အပိုင်ရတယ် . . . ။
ပထမတော့ . . .
“လ”ကို ခိုစီး
ကောင်းကင်ကြီးနဲ့ တွဲက
စက္ကူဂစ်တာတစ်လက် ပိုက်ပြီး
ပျော်လိုက်ရတာ . . . ။
နောက်မှ
စကြာဝဠာရဲ့
မဟာတွင်းနက်ထဲကို
လက်ခနဲ ခုန်ချ
သူ . . . ဘယ်ဆီ ကျသွားသလဲ ။
ကဲ . . . မှော်ဆရာ . . .
အပိုင်းပိုင်းအတစ်တစ်
သက္ကရာဇ်တို့ မပြိုခင်မှာ . . .
“သုည”တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ဆီ ဆက်ပေးပါ . . . ။
No comments:
Post a Comment